လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုသည်မှာ အခြေခံအကျဆုံး လူ့အခွင့် အရေးတစ်ရပ် ဖြစ်သကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု တည်တံ့ဖွံ့ဖြိုးရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာနိုင်မှု အားကောင်းလာစေရန် သတင်းအချက်အလက်များရပိုင်ခွင့် မြှင့်တင်ခြင်းအားဖြင့် အကျင့်ပျက်ခြစားမှုများ လျော့ပါးစေရန်၊ အစိုးရနှင့် ပြည်သူ့ အဖွဲ့အစည်းများပါ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြည်ကြီးခင်အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် PEN MYANMAR အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၄.၈.၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel, Yadanar Ballroom တွင်ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒေါက်တာမြင့်ကြည်၊ ဦးညွန့်တင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ဝန်ကြီးဌာနအသီးသီးမှ သတင်းထုတ်ပြန်ရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ PEN MYANMAR အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်အကြောင်းကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်(Freedom of Expression)ကို PEN MYANMAR မှ စာရေးဆရာ ဟန်ဇော်၊ မသီတာ(စမ်းချောင်း) နှင့် သတင်းအချက် အလက်များရရှိပိုင်ခွင့် (Rights to Information) တို့နှင့်စပ်လျဉ်းပြီး ပြည်ကြီးခင် အဖွဲ့မှ ဒေါ်နွယ်ဇင်ဝင်း၊ ဦးသိန်းထိုက်ဦးတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ပြန်လှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး PEN MYANMAR မှ ဦးမျိုးမြင့်ညိမ်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
News Categories:
- Workshop